lørdag den 3. januar 2015

လာမယ့်အရေး လာမယ့်ဘေးပြေးတွေ့ကြမယ်......ဟေ့ ( ၆၇ နှစ်ပြည့်လွတ်လပ်ရေးနေ့အမှတ်တရ )

လာမယ့်အရေး လာမယ့်ဘေးပြေးတွေ့ကြမယ်......ဟေ့ ( ၆၇ နှစ်ပြည့်လွတ်လပ်ရေးနေ့အမှတ်တရ )



ငါတို့နေတဲ့တိုင်းပြည်ဟာ သူ့ကျွန်ဘဝကလွတ်မြောက်ခဲ့သော်ငြားလည်း

ငစော- ငနေ- ငရွှေ အဲဒီ ၃ ကောင်မွှေနှောက်လို့ ဒုက္ခမျိုးစုံရောက်ခဲ့ရတယ်။

အခုလည်းကြည့်လေ....ဖြေလျှော့မှုတွေအထိုက်အလျှောက်လုပ်ပေးပြီး

အနုအကြမ်းခပ်ရမ်းရမ်းကနေတဲ့ ဖားတပိုင်း- ငါးတပိုင်းအစိုးလက်ထက်မှာ

တိုင်းပြည်အတွက်အရေးကြီးတာတွေ မယ်မယ်ရရဘာတခုမှမလုပ်ဆောင်နိုင်ပဲ

မျက်နှာပြောင်တိုက်ပြီး နောင်ရွေးကောက်ပွဲမှာထပ်ဝင်ပြိုင်ဖို့စကားလမ်းကြောင်းထားစဲ။

ဒီလိုနဲ့ပဲ....မိဘပြည်သူများခင်ဗျား- လို့

တစ်လတခါ ရွှေပြေအေးတရားဟောတဲ့

သမ္မတရဲ့ မာယာထောင်ချောက်ထဲကို လူအချို့ရောက်ခဲ့ကြတယ်။

မိုးလုံးပြည့်မုသားဝါဒတွေနဲ့ ကလိမ်ကကျစ်ကိုငြမ်းဆင်

ထင်ရာကိုစိုင်းနေတဲ့ စစ်အာဏာရှင်တွေဟာ

လူမျိုးစုလက်နက်ကိုင်တွေနဲ့ ဒီမိုကရေစီအင်အားစုအပေါ် သွေးထိုးသွေးခွဲကာ

သူတို့အာဏာသက်ဆိုးရှည်ဖို့ လုံးပမ်းနေတုန်းပဲလေ..။

စနစ်ဆိုးဆိုးထဲက ရုန်းမထွက်နိုင်သေးတဲ့ပြည်သူတွေဟာလည်း

ပြုသမျှတော့ နုမနေသင့်တော့ဘူး။

ပြီးတော့- ၂၀၀၅ မှာ ဘယ်လိုရွေးပြီး ဘယ်လိုကောက်မလဲဆိုတာကိုလည်း

ရင်တမမနဲ့ စောင့်ကြည့်စရာမလိုပါ

သူ့နည်းသူဟန်နဲ့ သူတို့လုပ်ခဲ့တဲ့ ၂၀၁၀ ကိုပဲကြည့်လေ..။

ဒါကြောင့်- မတရားမှုကိုမကြိုက်ရင် ကိုယ်နဲ့ဆိုင်ဆိုင်- မဆိုင်ဆိုင်

လက်ပိုက်ကြည့်မနေကြပါနဲ့

ဒီစနစ်ကိုမကြိုက်ရင် ငါတို့အားလုံး

လက်ချင်းဆက်ပြီးတိုက်ပွဲဝင်ဖို့လည်းနောက်တွန့်မနေနဲ့

ပြည်တွင်းစစ်ကိုအမှန်တကယ်မလိုလားဘူးဆိုရင်

စစ်ပွဲတွေရပ်ပစ်- စစ်ပွဲတွေရပ်ဆိုပြီး ခပ်ပြတ်ပြတ်ကြွေးကြော်သံတွေနဲ့

အိမ်တွင်းမှာပုန်းအောင်းမနေပဲ အမျိုးသားရေးအသိစိတ်မွေးပြီး

ငါတို့ရဲ့ ဇွဲမာန်အားနဲ့ ငါတို့ရဲ့ဘဝဆိုးတွေလွတ်မြောက်စေဖို့

၂၀၁၅ မှာ လာမယ့်အရေး လာမယ့်ဘေးပြေးတွေ့ကြမယ်.....ဟေ့။

( ကိုဗလိုင် )

၆၇ နှစ်ပြည့်လွတ်လပ်ရေးနေ့အခါသမယနေ့တွင် မလွတ်လပ်သေးတဲ့ပြည်သူများအတွက်

လွတ်လပ်မှုနဲ့ တရားမျှတမှုအတွက်တိုက်ပွဲဝင်သွားကြပါစို..။



 

Ingen kommentarer:

Send en kommentar